Wednesday, August 28, 2013

အကုသိုလ်နှင့် ငရဲ(၈)ထပ်။

Blogger:naylaseikdi(နေလသိဒ္ဓိ)

                အကုသိုလ်နှင့်-ငရဲ(၈)ထပ်

          ဒီခေါင်းစဉ်လေးမရေးမီ-
(၁) ငရဲရှစ်ထပ်နှင့် တည်နေပုံ အကြောင်း၊
(၂) ယမမင်းနှင့် ငရဲထိန်း အကြောင်း၊
(၃) အကုသိုလ်အလိုက် ခံရသည့်ငရဲစသည့် အကြောင်းလေးတွေကို အတိုချုပ်
     တင်ပြလိုပါတယ်။
     (၁)  နိရယ ပါဠိကနေ နိရဲ- နိရဲကနေ  ငရဲဖြစ်လာတယ်၊ (နိရယ)ကို နိ-အယ၊
အယ-ဆိုတာ ချမ်းသာသုခ၊နိ-ဆိုတာ မရှိတာ-ကင်းတာ၊အဓိပ္ပါယ်က-ချမ်းသာသုခ
ဘာတစ်ခုမှမရှိတဲ့ အရပ်ဒေသကို ငရဲခေါ်ပါတယ်။
          ယူဇနာ(၂၄၀၀၀၀)အထုရှိသော ဤကမ္ဘာမြေကြီးမှာ အောက်(၁၂၀၀၀၀)
မြေက ကျောက်မြေဖြစ်ပြီး၊ အထက်(၁၂၀၀၀၀)က ပကတိမြေသားကပိုများတယ်၊
လူ့ပြည်မှ ယူဇနာ(၁၅၀၀၀)အရပ်မှာ(သဉ္ဇိုင်း(သင်ဇိုင်း) ငရဲ၊ထိုငရဲအောက်
(၁၅၀၀၀)မှာ ကာဠသုတ်ငရဲ စသည်ဖြင့် တစ်ထပ်စီမှာယူဇနာ(၁၅၀၀၀)ကွာတယ်၊
                               ငရဲ(၈)ထပ်ကား
(၁) သဉ္ဇိုင်း(သင်ဇိုင်း) ငရဲ၊ (၂) ကာဌသုတ်ငရဲ၊ (၃) သံဃာတငရဲ၊ (၄)ဇာလရော
ဓူဝ ငရဲ၊ (၅) ဓူမရောရုဝ ငရဲ၊ (၆) တာပန ငရဲ၊ (၇) မဟာတာပန ငရဲ၊  (၈)အ၀ိစိ
                              အရံငရဲခေါ် ငရဲငယ်များ
         ငရဲကြီး(၈)ထပ်၊  တစ်ထပ်တစ်ထပ်စီ အရပ်(၄)မျက်နှာမှာ (ဥဿဒ)ငရဲ
ခေါ်  အခြံအရံငရဲများစွာရှိပါသေးတယ်။ (၁) မစင်ဘင်ပုတ်ငရဲ၊  (၂) ပြညပူငရဲ၊
(၃) လက်ပန်တောငရဲ၊(၄) သံလှက်တောငရဲ၊ (၅) ကြိမ်မြစ်ငရဲ၊ လောဟကုမ္ဘိငရဲ
စသည်ဖြင့်များစွာရှိပါတယ်။
                                ငရဲ(၈)ထပ်နှိပ်စက်ပုံ
        (၁) သဉ္ဇိုင်းငရဲဆိုတာ-- ငရဲထိန်းကြီးတွေက မီးရဲရဲတောက်ပြောင်နေတဲ့
လက်နက်မျိုးစုံနဲ့  ငါးမွှန်းသလိုမွှန်းအပိုင်းပိုင်းခုတ်ဖြတ်ညှဉ်းဆဲသော်လဲ မသေပဲ
ပြန်အသက်ရှင်၊ အဖန်ဖန်အထပ်ထပ် နှိပ်စက်ခံရတဲ့ငရဲကိုခေါ်တယ်။
       (၂) ငရဲထိန်းကြီးတွေက ရဲရဲပြောင်တောက်လောင်နေတဲ့ သံပုဆိန်ကြီးတွေ
ကိုင်ဆောင် ခြိမ်းခြောက်မောင်းမဲပြီး မီးရဲရဲတောက်နေတဲ့ သံပြားကြီးပေါ် အပြေး
ခိုင်း လဲသွားတဲ့အခါ လက်သမားကြီး သစ်သားရွေသလို ပုဆိန်လက်နက်ကြီးတွေ
နဲ့ အပိုင်းပိုင်းခုတ်ဖြတ်ပြီးနှိပ်စက်သော်လည်း အကုသိုလ်ကံမကုန်သရွေ့ အသက်
ပြန်ရှင်ခံရတဲ့ငရဲကိုခေါ်တယ်။
       (၃) သံဃာတငရဲဆိုတာ--ငရဲသားများကို မီးလျှံတွေရဲရဲပြောင်ပြောင်တောက်
လောင်နေတဲ့ သံအတိပြီးတဲ့မြေကြီးမှာ ခါးလောက်ဝင်အောင်နှစ်ပြီး ရဲရဲတောက်နေ
တဲ့ သံတောင်(သံလုံး)ကြီးသည် မိုးခြိမ်းသလိုတဂျိမ်းဂျိမ်းမည်ပြီး အရှေ့ဘက်မှသည်
အနောက်ဘက် တလိမ့်လိမ့်နဲ့ လူးလာခေါက်တုံ့  နှမ်းကြိတ်သလိုထပ်တစ်လဲလဲနင်း
ကြိတ်ပြီးနှိပ်စက်တဲ့ ငရဲကို ခေါ်တယ်။
      (၄) ဇာလရောရူဝငရဲဆိုတာ-- တစ်ကမ္ဘာလုံးတည်နေတဲ့  အလွန်ပြင်းတန်ပြီး
ရဲရဲပြောင်ပြောင်  တောက်လောင်နေတဲ့  မီးတောက်  မီးလျှံကြီးတွေဟာ ငရဲသား
တွေရဲ့ မျက်စိ-နားစတဲ့ ဒွါရကိုးပေါက်က၀င်ပြီး တစ်ကိုယ်လုံးလောင် ကယ်ပါ ယူပါ
တစာစာအော်သော်လည်း ကယ်သူမရှိ  ကံမကုန်သမျှ အနှိပ်စက်ခံနေရတဲ့ ငရဲကို
ဇာလရောရူဝလို့ ခေါ်ပါတယ်။
     (၅) ဓူမရောရူဝငရဲ ဆိုတာ--ငရဲခန်းကြီးတစ်ခုလုံး အလွန်ငန်တဲ့ မီးခိုးတွေဟာ
ငရဲသားတွေရဲ့ ဒွါရကိုးပေါက်က၀င်ပြီးအဖန်ဖန်နှိပ်စက်လို့ ပြင်းစွာအော်ဟစ်ငိုကြွေး
ပြီး ခံစားနေရတဲ့ ငရဲကိုခေါ်တယ်။
     (၆) တာပနငရဲဆိုတာ-ရဲရဲပြောင်ပြောင်တောက်လောင်နေတဲ့ ထန်းပင်လုံးခန့်
ရှိတဲ့ သံတံကျင်(လှံ)ပေါ်အတက်ခိုင်းပြီးအချွန်ပေါ်မှာအထိုင်ခိုင်းပြီးနှိပ်စက်တဲ့ ငရဲ
ကို တာပနငရဲလို့ ခေါ်တယ်။
     (၇) မဟာတာပနငရဲ-ကြောက်မက်ဖွယ်ကောင်းတဲ့ငရဲထိန်းကြီးတွေက မီးရဲရဲ
လောင်နေတဲ့ သံတင်းပုတ်ကြီးတွေနဲ့ ထုနက်ပြီး ပေါက်ကွဲနေတဲ့မီးတောက်ကြီးနှင့်
တူတဲ့ သံတောင်ကြီးပေါ်သို့ အတက်ခိုင်း၊ တောင်ပေါ်ရောက်သည်နှင့် အလွန်ပြင်း
ထန်တဲ့လေကတိုက်ချလိုက်လို့ စောက်ထိုးမိုးမျှော် အောက်ကိုပြန်ကျ၊ အောက်ကျ
တော့လဲ မီးရဲရဲလောင်ပြီးချွန်ထက်နေတဲ့ သံငြောင့်ပေါ်ကျလို့ ခန္ဓာကိုယ်ထုတ်ချင်း
ပေါက်၊ တစ်ဖန်ပြန်ပြီးအတက်ခိုင်းအမျိုးမျိုးနှိပ်စက်တဲ့ ငရဲကိုခေါ်တယ်။
    (၈) အ၀ိစိငရဲဆိုတာ--အရှေ့ အနောက် တောင်-မြောက် အရပ်လေးမျက်နှာမှ
အလွန်အရှိန်ပြင်းတဲ့  မီးတောက်မီးလျှံကြီးတွေက  ငရဲသားတွေကို မပြတ်နှိပ်စက်
နေတဲ့ငရဲကိုခေါ်တယ်။
                        


                           ငရဲမင်းကြီးခေါ်  ယမမင်း စစ်ဆေးပုံ
    (ငရဲမင်း) ယမမင်းဆိုတာ စတုမဟာရာဇ်စာရင်းဝင် နတ်ပြိတ္တာမျိုးဖြစ်တယ်၊
အပါယ်ပြိတ္တာမျိုးမဟုတ်ပါ၊ ယမမင်းကလည်း တစ်ယောက်မက များစွာရှိတယ်။
ငရဲ(၈)ဘုံတွင် တစ်ဘုံဘုံရဲ့အလယ်မှာ ငရဲခံရာဌာနကြီးတစ်ခုရှိတယ်၊ ထိုငရဲဌာန
ကြီးကို မြေလွတ်များ တော-တောင်များဝန်းရံထားတယ်၊ အရပ်လေးမျက်နှာမှာ
ယမမင်းကြီးတို့ ထိုင်တဲ့ ရုံးတစ်ရုံးစီရှိတယ်၊ လူ့ပြည် အစိုးရရုံးများထိုင်သလိုပါပဲ၊
ငရဲထိန်းတွေကလဲ စတုမဟာရာဇ်နတ်စာရင်းဝင် နတ်ဘီလူးကြီးတွေဖြစ်တယ်။
     (၁) အကုသိုလ်ကံကြီးတဲ့သူတွေက သေလျှင်ငရဲတစ်ဘုံဘုံမှာ တန်းရောက်
          ပြီး ငရဲခံရတယ်။
     (၂) ကုသိုလ်ကံများပြီး အကုသိုလ်နည်းသူတွေဟာ သေခါနီးအချိန်တွင်
          အကုသိုလ်နိမိတ်ထင်(ထိုအကုသိုလ်)ကိုစွဲပြီး သေတဲ့လူများကိုတော့
          ငရဲထိန်းတွေက ယမမင်းရဲ့ ရုံးကို စစ်ဆေးခံဖို့ ခေါ်သွားကြတယ်။
ယမမင်းကြီးက-မေးတယ်-- အမောင်(အမိ)  လူ့ပြည်တုန်းက ဘာမှမသိတဲ့
အရွယ် လူမမယ်ကလေးငယ်ကို တွေ့ ဘူးပါသလား၊ တွေ့ ဘူးပါတယ်ဘုရား၊
အဲဒီလိုတွေ့ ဘူးပြီး ငါလဲပဲ ဘာမသိ ညာမသိ ဟောဒီကလေးလို နောက်ဘဝ
တွေမှာဖြစ်ရဦးမှာပါလားလို့ သံဝေဂရခဲ့ပါသလား စသည်ဖြင့် ကလေး-သူအို
သူနာ-သူသေ-အကျဉ်းသား(ထောင်သား) ဒီငါးဦးပြပြီးမေးမယ်၊  အကယ်၍
ငရဲသားက ကြောက်ရွံပြီး  မေ့လျှော့နေမယ်ဆိုရင်  ယမမင်းက နတ်မျက်စိနဲ့ 
ဘယ်လိုကုသိုလ်တွေပြုခဲ့သလဲလို့ ကြည့်တယ်၊ တွေ့ ရင်-သင်သည် ဘယ်လို
ကောင်းမှု့ကိုပြုပြီး ငါကို အမျှဝေဘူးတယ်မဟုတ်လား စသည်ဖြင့်  ဖေါ်ပြပြီး
ယမမင်းကိုယ်တိုင်သက်သေခံကာ ငရဲကနေလွတ်စေခဲ့တယ်။
      ဒါ့ကြောင့်- ကုသိုလ်ပြုပြီးတိုင်း ယမမင်းကိုထည့်ပြီးအမျှဝေကြပါတယ်၊
ခုခေတ်မှာတော့ အမျှဝေသူနည်းသွားတယ်၊ ရေစက်ချပြီးတာနဲ့  ရေစက်ခွက်
ကို အပြင်မှာ သွားသွန်ခိုင်းတယ်၊ တစ်ချို့ က  ဒီအတိုင်းပဲ သွန်ချလိုက်တယ်၊
မူလရည်ရွယ်ချက်က-ယမမင်းအပါအ၀င်သတ္တ၀ါအားလုံးကို အမျှဝေပါတယ်၊
သင် ၀သုနြေ္ဒ - မြေစောင့်နတ်မင်းကြီးသိပါစေ ကြားပါစေ သက်သေအရာ၌
တည်ပါစေလို့  ပြောပြီး ရေကိုသွန်ရပါတယ်။
        အဲဒီလို  ယမမင်းကြီးက   စစ်ဆေးပြီး ကုသိုလ်ကံရှိကို   လွှတ်ပေးပြီး
အကုသိုလ်ကံရှိသူကို  ကံအားလျှော်စွာ  သင့်တော်တဲ့  ငရဲသို့ ချစေခဲ့တယ်။

           အသင်ပြုသောကံ -သင့်ထံပြန်

 ကိုယ်ဝန်ဖျက်ချတဲ့  အမျိုးသမီးများ ခံရသော ငရဲကို  သံကိစ္စဇာတ်တော်မှာ
သံကိစ္စရသေ့ကြီးက  ဗြဟ္မဒတ်မင်းအား   တန်ခိုးနဲ့ ပြပြီး  တရားဟောခဲ့ပါတယ်၊
ကိုယ်ဝန်ဖျက်ချတဲ့အမျိုးများကို ငရဲထိန်းတွေက ရဲရဲပြောင်တောက်လောင်နေတဲ့
လက်နက်တွေနဲ့  ရိုက်နှက်ပြီး သင်ဓုန်းသွားတွေစိုက်ထားတဲ့ အပေါ်ကို  ပြေးခိုင်း
ခြေချောင်းတွေ အပိုင်းပိုင်းပြတ်  မှောက်လဲတော့လဲ လက်ချောင်းတွေအပိုင်းပိုင်း
ပြတ် တစ်ကိုယ်လုံး ဒဏ်ရာဗရပွနဲ့  ကယ်ပါယူပါ  အသံကုန် အော်ဟစ်ရင်း ထပ်
တလဲလဲခံရပြီး သံချွန်လို ချွန်ထက်တဲ့  ဆူးတွေပြည့်နေတဲ့  ကြိမ်ပိုက် ချောင်းထဲ
ပစ်ချ ကြိမ်ဆူးတွေက  ထုတ်ချင်းပေါက်  ဆူးဝင်ပြီး  သွေးသံရဲရဲနဲ့    အခိုးအငွေ
တွေထပြီး အလွန်ပူတဲ့  အောက်ရေငန်ချောင်းထဲကို တစ်ဖန် ပြုတ်ကျ   အဲဒီလို
နှိပ်စက်ခံရပါတယ်။
          သူတစ်ပါးကို ကိုယ်ဝန်ကျစေပြီး လိမ်ညာခဲ့တဲ့ အကုသိုလ်အပြစ်ကလဲ
ပေတ၀တ္ထုမှာ ဒီလိုခံရပါတယ် ----
       တစ်ခါတုန်းက သာဝတ္ထိမြို့အနီး ရွာတစ်ရွာမှာ ဇနီးမောင်နှံနှစ်ဦးရှိခဲ့တယ်၊
ဇနိးမယားက သားသမီးမဖွားတော့ အမျိုးပြတ်မှာစိုးတဲ့ မိဘများက နောက်တစ်
ယောက်ပေးစားလိုက်တယ်၊  မယားကြီး-မယားငယ်ပေါ့  ဒီလိုနဲ့  နေလာကြရင်း
တစ်နေ့ မှာ မယားအငယ်  ကိုယ်ဝန်ရတော့ အကြီးက မနာလိုဖြစ်ပြီး   ရသေ့မ
တစ်ယောက်ထံမှာ ကိုယ်ဝန်ကျဆေးတောင်းပြီး တိုက်လိုက်တယ်၊  မယားငယ်
ကိုယ်ဝန်ပျက်တော့ မိဘများက  မယားကြီးရဲ့ လက်ချက်ဆိုတာ သိလိုက်တယ်၊
ခေါ်မေးတော့ သူမဟုတ်ရပါဘူးလို့ လိမ်ညာပြောတယ်၊  သူ့ အပေါ် မယုံကြည်
တော့ သူက( ကျွန်မ ဒီကိုယ်ဝန်ကို ဖျက်ချတယ်ဆိုရင်  အရုပ်ဆိုး  အနံ့ ဆိုးတဲ့
ပြိတ္တာမကြီးဖြစ်ပါစေ၊ ကိုယ်မွေးတဲ့သား ကိုယ်ပြန်စားရပါစေ လို့  ကျိန်တွယ်ပြီး
လိမ်ညာပြောလိုက်တယ်၊     သေလွန်တဲ့အခါ သူကျိန်သည့်အတိုင်း  အရုပ်ဆိုး
အနံ့ ဆိုးပြီး အလွန်ကြောက်စရာကောင်းတဲ့  ပြိတ္တာမကြီးဖြစ်ခဲ့တယ်၊ နံနက်ည
သား(၅)ယောက်စီမွေးပြီး  ကိုယ့်သားကိုယ်ပြန်စားနေရတယ်၊  ယင်တလောင်း
လောင်းနဲ့  ပုပ်ပွ  နံစော်နေတဲ့   ဒီပြိတ္တာမကြီးဟာ   နှစ်ပေါင်းများစွာ  ဆင်းရဲ
ဒုက္ခခံစားရပြီး တစ်နေ့ မှာ မထေရ်(၈)ပါးက ၀ါကျွတ်လို့ ဘုရားဖူးရန် သာဝတ္ထိ
အသွား ထိုဇနပုဒ်မှာ ခေတ္တနားကြစဉ် ထိုပြိတ္တာမကြီးက ကြောက်စရာကောင်း
တဲ့ သူ့ အသွင်ပြပြီး ခံစားနေရတဲ့  ဒုက္ခတွေ လျှောက်ပြတော့  မထေရ်တွေက
သနားပြီး   ထိုဇနပုဒ်ရွာက   သူဌေးတစ်ယောက်ကို  ပြောပြပြီး    အကူအညီ
တောင်း၊ သူဌေးက သူ့ အတွက် ရည်ညွှန်းပြီး၊ ကုသိုလ်ပြု  အမျှဝေပေးတော့မှ
ထိုဆင်းရဲဒုက္ခမှ လွတ်မြောက်သွားပါယ်၊ (ပဉ္စ ပုတ္တခါဒပေတ၀တ္တု)အကျဉ်းချုပ်
တင်ပြပေးလိုက်ပါတယ်၊
       ယနေ့  တိုးတက်နေတဲ့ သိပ္ပံခေတ်ကြီး (Preprotection medicine)
ဆိုတဲ့ နှစ်ပတ်ခံ တစ်လ-နှစ်လ-သုံးလခံဆိုတဲ့  တား  ဆေးတွေရှိနေတော့
ငရဲမခံရအောင် ကြိုတင် ဆောင်ရွက်ထားသင့်ပါတယ်။
       * နောက်ထပ် အကုသိုလ်အလိုက် ငရဲခံရပုံများကို ဆက်လက်တင်ပြ
ပေးပါဦးမည်။
    


                




          

No comments:

Post a Comment